Saturday, November 20, 2021

၂၀၂၁ ရဲ့ တန်ဆောင်တိုင်အိမ်မက်

 နိုင်ငံရေးမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူ ဆိုတာ မရှိဘူး ဆိုတဲ့ စကားကို ရေလဲသုံးကြတဲ့ မြန်မာပြည်သားတွေ။ ဒီစကားကို လက်တွေ့မှာ ကိုယ်တိုင်မကျင့်သုံးကြတာတော့ သေချာတယ်။ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေဆိုတာ မရှိဘူးဆိုတာကိုသာ အမှန်လက်ခံရိုးမှန်ရင် လမ်းမတူလို့ လူချင်းမတွေ့တော့တာကို ထိုင်ဆဲနေကြမှာမဟုတ်ဘူးလေ။ အချို့သူတွေနဲ့ မိသားစုလို အတူတွဲကြတယ်၊ သူ့အရေးကိုယ့်အရေးကူကြတယ်၊ ခံယူချက်အထိုက်အလျောက်တူတယ်ယူဆလို့ အချိန်ကာလတစ်ခုမှာ ရိုးသားစွာ မိတ်ဆွေဖွဲ့ကြတယ်။ နောက်တစ်ချိန်မှာ ရိုးသားစွာရန်သူဖြစ်ရင် မုန်းနေဖို့မရှိဘူး၊ ကိုယ့်လမ်းကိုယ်လျောက်ကြရုံပေါ့။ နိုင်ငံရေးမှာတော့ ရိုးသားဖို့လိုပါတယ်။ ရိုးသားမှုရှိမရှိဆိုတာကတော့ ပြည်သူကဘဲ အဆုံးအဖြတ်ပေးတာပါဘဲ။ အတူတူလက်တွဲ့ဖို့လိုတဲ့ အချိန်မှာတွဲပြီး လက်တွဲဖြုတ်ဖို့လိုတဲ့အချိန်မှာ ဖြုတ်သွားကြတာ နည်းလမ်းချင်းမတူလို့ ဆိုတာကို နှလုံးသွင်းပြီးသား ဖြစ်နေကြရမှာလေ။ အဖွဲ့အစည်းတစ်ခုထဲမှာကို ရွက်ကရွက်နေရာကလုပ် တက်က တက်နေရာလှော် အတူတူပန်းတိုင်တူရင် ပြီးရောလို့ သဘောထားကြီးကြရမှာကို သူကရေသာခိုတယ် ငါကဘယ်မှာနေတယ် ဆိုတာမျိုး တွက်ကပ်နေပြီ ဆိုကတည်းက၊ အရင်က မိတ်ဆွေတွေအဖြစ် အတူလက်တွဲခဲ့တာကို အခုရပ်တည်ချက်မတူတော့ရင် ထိုင်ဆဲနေကြတယ် ဆိုကတည်းက ဒီလူတွေ နိုင်ငံရေးသမား မဟုတ်ဘူး၊ အထူအပါးနားမလည်ဘူးလို့ သဘောပေါက်ကြရမှာ။ အရာအားလုံးဟာ သူ့ဇာတ်လမ်းနဲ့ သူသိမ်းကြရတဲ့အခါမှာ - ဦးချိုရှိတဲ့ သမင်က ဦးချိုကြောင့်သေပြီး အစွယ်ရှိတဲ့ဆင်က အစွယ်ကြောင့်သေရတယ်။ လူတွေဟာ သူတို့ရဲ့အားသာချက်လို့ ယူဆထားတဲ့ အရာကြောင့်ဘဲ ပျက်စီးကြရတယ် ဆိုတာလောက်တော့ ကြေညက်နေသင့်ပါတယ်။ ဦးချိုရှိတဲ့သမင် အပစ်ခံရတဲ့အခါ ကိုယ့်ကို မှားမပစ်မိအောင်တော့ ဦးချိုတကြွကြွ ကြွားနေတဲ့သမင်ကို မြင်ရင် ဝေးဝေးရှောင်ရမယ်။ အစွယ်ကြောင့် သေရမယ့်ဆင်သေ ကိုယ့်ကိုလာမပိအောင်လည်း အစွယ်သိပ်အလှပြနေတဲ့ ဆင်မျိုးကိုမြင်ရင် ခပ်ခွာခွာနေတတ်ရမယ်။