Saturday, September 12, 2020

အလှစကား

         


”လှလိုက်တာ” လို့ အပြောခံရရင် လူတော်တော်များများ ပီတိဖြစ်ကြတယ်။ ဒါပေမယ့် အဲဒီ ”လှတယ်” ဆိုတဲ့ စကားကို စဉ်းစားကြည့်ရင် စိတ္တဇဆန်တယ်။ လှပမှုဟာ မျက်စိပသာဒ ဖြစ်တာကို ရည်ညွှန်းပြီး ပြောတာပါ။ ဘာကလှတာ။ ဘယ်အပိုင်းလေးကလှတာ။ ဘယ်နေရာလေးကဖြင့် ဖျက်နေလို့ စသည်ဖြင့် လူတစ်ယောက်လုံးကိုများ ခွဲခြမ်းစိတ်ဖြာ ပြောဆိုနေလိုက်ကြတာ။ အချို့မိန်းကလေးများ ဆိုရင် မိမိတို့မှာ ပိုင်ဆိုင်နေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်ပြီး အပြစ်ကင်းသထက်ကင်းအောင် လုပ်နေကြတဲ့ ခေတ်ကို ရောက်နေပါရောလား။ အဲလိုခွဲစိတ်ပြုပြင်လိုက်တော့ရော ပြိုင်ဘက်ကင်းတဲ့အလှ ပိုင်ရှင်တွေ ဖြစ်သွား မှာလား ဆိုတော့လဲ မဟုတ်ပါ။   

 

        အလှဆိုတာ အစကတည်းက ကိုင်တွယ်ထိတွေ့လို့ မရတဲ့ အရာလေ။ ဘယ်နားက လှတယ် ဆိုပေမယ့် အဲဒီလှတယ်ဆိုတာ ကြည့်ကောင်းတာ ဆိုမှတော့ ကြည့်ကောင်းစေတဲ့ စံတွေ၊ ပုံစံတွေ အရောင်တွေ ဆိုတာ တစ်သမတ်တည်း မရှိ ကြည့်သူကိုလိုက်လို့လည်း ပြောင်းလဲတတ်တယ်။ အချိန်တွေ၊ ခေတ်တွေ၊ လူတွေရဲ့ စိတ်ခံစားမှုတွေ ပြောင်းလဲနေသမျှ အလှနဲ့ ပါတ်သက်တဲ့ သတ်မှတ်ချက်တွေက ပြောင်းနေတဲ့ သဘာဝရှိတယ်။ ဒါကြောင့် အလှအပမှာ ကြာရှည်ခံတဲ့ အလှတရားက စိတ်အလှတစ်ခုသာ ကာလရဲ့ မှတ်ကျောက်တင်ခြင်းကို ခံနိုင်တာပေါ့။ ဘယ်သူက ဘယ်လိုလှပါတယ်လို့ ရာဇဝင်တွေထဲမှာ ရေးဖွဲ့ခဲ့ကြသော်လည်း အဲဒီရာဇဝင်ထဲက နတ်မိမယ်လေးတစ်မျှ ချောလှတဲ့ သူတွေဆိုတာ ဒဏ္ဍာရီထဲမှာသာ ကျန်ခဲ့တော့တာပါ။ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းမှာ တွေ့ရတာရှားပြီး သူတို့ဘယ်လိုလှတယ်သာ ရေးခဲ့ကြတာ များတာပါဘဲ။

 

        မိန်းကလေးတွေများ လှပဖို့ ကျိုးစားကြသလို လှပတဲ့ အမျိုးသမီးတွေကို တွေ့ရင် အားကျတဲ့ အကြည့်နဲ့ ကြည့်မိတတ်တယ်။ မိန်းကလေးတွေရဲ့ သဘာဝကိုက လှပမှုကို မြတ်နိုးတတ်ပြီး အဲဒီအလှအပကို လက်နက်သဖွယ် ကိုးကွယ်တတ်ကြတာကိုး။ ဒါပေမယ့် အဲဒီလှတဲ့ မိန်းမတွေအားလုံး ပျော်နေတယ် ထင်ရင်တော့ မှားပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်ကို လှလို့ လောကဓံက ချန်လှပ်ထားတယ် ရယ်လို့ မရှိပါဘူး။ ဘယ်လောက်လှတဲ့ မိန်းမဖြစ်ဖြစ် လူတိုင်းကြုံကြရတဲ့ လောဓံကို လွန်ဆန်လို့မှ မရတာ။ လှပဖို့ကို အလွန်အင်မတန် အာရုံစိုက်နေကြတဲ့ သူတွေအတွက် ဆိုရင်တော့ တံလျှပ်ကို ရေထင်နေသလိုပါဘဲ။ လှတဲ့မိန်းမတွေလည်း လှလို့ ပျော်ရတယ် ဆိုတာ မရှိသလောက်ပါဘဲ။ မိန်းကလေးတစ်ယောက် အတွက် ”အလှအပဟာ ဥစ္စာပစ္စည်း” လို့ ရှေးကစကားရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ လှသွားလို့လည်း ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြေလည်မသွားနိုင်ဘူး။

 

        အလှအပဟာ တစ်ကယ်တော့ လက်နက်လည်း မဟုတ်ပါဘူး။ ဥစ္စာလည်း မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုးအရင်ကလို မိန်းကလေးတွေ အိမ်ထဲမှာနေပြီး အိမ်မှုကိစ္စတွေလုပ်၊ ချမ်းသာတဲ့ အိမ်ထောင်ဖက်ကိုရှာကြတဲ့ ခေတ်မှ မဟုတ်တော့တာ။ ရုပ်ရည်တစ်ခုတည်းနဲ့တော့ မိန်းကလေးတွေရဲ့ တန်ဖိုးကို ဖြတ်လို့မရတော့ပါဘူး။ ဒါဆိုဘာကြောင့်များ အလှအပက မိန်းကလေးတွေ အတွက် အရေးပါနေ ပါသလဲ။ မိန်းကလေးတွေရဲ့ စိတ်မှာကိုက အလှအပဆိုတာကို တန်ဖိုးထားလို့ဆိုတာကို တွေ့ရပါတယ်။ လှချင်တဲ့စိတ်ဘာကြောင့် ဖြစ်လဲ ဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိချင်လို့ လို့ဘဲ ရိုးရိုးလေး တွေးကြည့်လို့ ရပါတယ်။ ကျွန်မတို့ တန်ဖိုးထားတဲ့ အလှဟာ ရေရှည်ခံလားဆိုတော့ မခံဘူး။ ဒါကြောင့် အလှအပ ကြောင့် အလွန် စိတ်ဆင်းရဲခံကြတာကလည်း လက်တွေ့မကျတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ တကယ်တော့ ကျွန်မတို့ ရှာဖွေသင့်တာက အပြင်ပန်း အလှအပထက် စိတ်ထားကြည်လင်မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်သင့်ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ လှပဖို့ရာ မိမိဥာဏ်ရည်ကို ထက်နိုင်သမျှထက်အောင် သွေးထားမှ၊ စာပေ ဗဟုသုတများမှသာ မိမိကိုယ်ကိုရော စိတ်ကိုပါ လှအောင် ထိန်းကျောင်းနိုင်လိမ့်မယ်။


        အထက်မှာပြောခဲ့သလို ကိုယ့်ကိုယ်ကို အမြဲဆုံးမပေမယ့် အလှအပနဲ့ ပတ်သက်လာရင် ပစ်ပယ်လို့မရတာ လှတဲ့ မိန်းကလေး တစ်ယောက်မြင်ရင် လည်ပြန်မကြည့်ဘဲ မနေနိုင်သေးတာလည်း ပုထုဇဉ်စစ်ဖြစ်နေသေးကြောင်းသက်သေပြလို့ရနေသေးတဲ့၊ အလှအပနဲ့ ပတ်သက်တဲ့ စံတွေ ဘယ်သူတွေ ဘယ်လိုရှိနေပါစေ ကိုယ့်ပေတံကို လွှတ်မချနိုင်သေးတဲ့ ပြင်ပမှာ ကမ္ဘာပျက်နေပါစေ နှုတ်ခမ်းနီဆိုးပြီးထွက်လာရင်း လောကကြီးကို မေ့နေတတ်တဲ့ ကျွန်မသည် လူအများကြီးထဲက သာမန်မိန်းကလေး တစ်ဦးမျှသာ။.....သာမန်မိန်းကလေး တစ်ဦးဆိုသော ဖြစ်တည်မှုကို မိမိကိုယ်ကို လက်ခံထားခြင်းကြောင့် လည်း ကျွန်မကို ပိုမိုပြီး သက်တောင့်သက်သာရှိစေပြီး ကျွန်မတွင် မျက်လုံးတစ်လုံး အပိုမပါနေခြင်း၊ ခေါင်းပေါ်တွင် ချိုတစ်ခု ရှိမနေခြင်း၊ ပြုံးလိုက်တိုင်း လျှပ်စီးတွေဝင်းလက်မသွားခြင်းတို့အတွက် လောကကြီးကို အစဉ်ကျေးဇူးတင်မိပါသည်။ ဆိုလိုသည်မှာ ကျွန်မသည် သာမန်သူတစ်ဦးသာဖြစ်နေသည့်အတွက်ကျွန်မနေထိုင်သည့်ကမ္ဘာ လောကကြီးကို ပိုမိုလှပစေသည့် ဆေးစက် တစ်စက်အဖြစ် တည်ရှိခွင့်ရနေခြင်းသာဖြစ်ပါသည်။



No comments: