Tuesday, October 16, 2012

မြစ်တစ်စင်းရဲ့ လျှောက်လွဲချက်

                အခုတလောမှာ စိတ်ထဲမှာ တွေးမိနေတာတွေက မြစ်တွေ အကြောင်း ဖြစ်သည်။ မြစ်တွေ မြစ်တွေ၊ ရစ်ခွေစီးဆင်းနေရဲ့၊ ဖြောင့်တန်းစွာ စီးဆင်းနေရဲ့၊ လှပစွာစီးဆင်းရဲ့၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြမ်းတမ်းစွာစီးဆင်းရဲ့၊ မြေကမ်းတွေကို တိုက်စားသွားရဲ့၊ မြေနုကျွန်းတွေ မြေသြဇာတွေကို ပို့ချရဲ့။
               ဒါပေမယ့် မြစ်ဆိုတာက ဆီးဆင်းနေမှ အသက်ရှင်ရမှာပါ။ စီးဆင်းမှုက ကြမ်းတမ်း သည်ဖြစ်စေ၊ နူးညံ့ သိမ်မွေ့သည် ဖြစ်စေ၊ မြစ်ဆိုမှတော့ စီးဆင်းရမှာဘဲ မဟုတ်လား။ မြေတွေ တိုက်စားသွားတာ၊ အနည်တွေ ပို့ချသွားဖို့ မဟုတ်လား။ တိုက်စားသွားသည့် အနည်တွေကိုလဲ ယူဆောင်ပြီးရင် တစ်နေရာမှာ လွှတ်ချခဲ့ရတာဘဲ။ မြစ်ဆိုတာ ရစ်ခွေသွားချင်သွားမယ်၊ ဒါပေမယ့် မကောက်ကျစ်ဘူး။ မြစ်ဆိုတာ သယ်သွားချင်သွားမယ်၊ ဒါပေမယ့် မလှည့်စားဘူး။ အားလုံးကို ပြန်ပေးတယ်။ 
               စီးဆင်းမှုတွေကို ရပ်တန့်ပေးလိုက်ရတာနဲ့ မြစ်တစ်ခုဟာ နိဂုံးချုပ်ခံလိုက်ရတယ်။ အသက်ခံလိုက်ရတယ်။ အဆုံးသတ်သွားရတယ်။ မြစ်ရဲ့ ဖြစ်တည်မှုကို ပျောက်ဆုံးပေးလိုက်ရတယ်။ ကြမ်းကြမ်းတမ်းတမ်း စီးဆင်းတဲ့ မြစ်က စီးခွင့်မရှိတော့ဘူးတဲ့လား။ ရေလျံစေတဲ့ မြစ်ကို ပိတ်ပစ်ရမယ်တဲ့လား။ ရေတိုက်စားတဲ့ မြစ်က မစီးရဘူးတဲ့လား။ ဒီရေတွေ နောက်ပြန်ဝင်ခွင့်ပြုတဲ့ မြစ်ကို ကောစေရမယ်တဲ့လား။ လူတွေ ရေကြောင်းသုံးလို့ မရတဲ့မြစ်က အသုံးမကျဘူးတဲ့လား။ မြစ်ကိုပိတ်မှ အလင်းရောင်ရမှာမို့ မြစ်ကသေပေးရမယ်တဲ့လား။ မြစ်မရှိမှ .......... စတာတွေ ရမှာမို့ မြစ်ကို ကြိုးစင်တင်ရမယ်တဲ့လား။
              “လူမှာ လူ့အခွင့်အရေး ရှိသလို၊ မြစ်တွေမှာ မြစ်အခွင့်အရေးရှိတယ်။ ငါတို့ဟာ မြစ်တွေဖြစ်တယ်။ ငါတို့ လွတ်လပ်စွာ စီးဆင်းရမယ်။ ငါတို့ မြေသြဇာတွေ သယ်ပို့ပေးရမယ်။ ငါတို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေတွေ သယ်ပေးရမယ်။ ငါတို့ သဘာဝတွေ၊ ငါတို့ သားစဉ်မြေးဆက်ရဲ့ အမွေ အနှစ်တွေ၊ ယဉ်ကျေးမှုတွေ၊ ငါတို့ သမိုင်းတွေ ဒီမြစ်တွေထဲမှာ ရှိတယ်။ ငါတို့ မြစ်တွေ လွတ်လပ်စွာ စီးဆင်းပါစေ။”

No comments: