Thursday, October 17, 2013

ပုံပြောကောင်းသူများ

ဖေဖေက ငယ်ငယ်တုန်းက ပြောပြခဲ့ဖူးတဲ့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေ၊ အဖြစ်အပျက်တွေက အများသား။ ဖေဖေက စကားပြောကောင်းသည်။ သူတို့ မြို့ကလေးမှာ မင်းမူခဲ့သော ကွန်မြူနစ်များ အကြောင်းတော့ ဖေဖေက မကြာခဏပြောဖြစ်သည်။ 
"ကွန်မြူနစ်ဆိုတာ တကယ်က လူဆိုးလူပေတွေ မဟုတ်ဘူး။ ဒီနေ့ သမီးတို့ ကြည့်နေတဲ့ ရုပ်ရှင်တွေထဲကလို လူကြမ်းလူရိုင်းတွေလဲ မဟုတ်ဘူး။ သူတို့ က စကားပြောကောင်းတဲ့ လူရည်လည်ပြီး၊ သိမ်သိမ်မွေ့မွေ့ နေတတ်ကြတဲ့ ပညာတတ်တွေ။ ဗိုလ်အောင်ဒင်ဆိုတာ ရုပ်ရှင် တစ်ခုမဟုတ်ဘူး။ ဇာတ်လိုက်မင်းသား သက်သက်မဟုတ်ဘူး။ အပြင်မှာ တစ်ကယ်ရှိခဲ့တာ။" 
ဖေဖေသည်လို စပြောပြီဆိုရင် သူတို့ တွေ ရခိုင်ရိုးမတောထဲမှာ ကွန်မြူနစ်တွေရဲ့ နေထိုင်ကြတဲ့ ပုံတွေကို လည်း နောက်ကြောင်းကို ပြောပြတတ်သည်။ သူတို့ တွေ တောထဲမှာ တစ်မိုးတွင်းလုံး ပုန်းအောင်း လို့ နေကြတာ က ဘယ်လို ကြမ်းတမ်းပြီး ရာသီဥတု ဆိုးရွားတယ်။ လူတွေဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက် ကြောင့်ခက်ခက်ခဲခဲ နေပြီး အသေခံခဲ့ကြတဲ့ သူတွေ စတဲ့ အကြောင်းတွေ ပြောပြ တတ်သည်။ နောက်တစ်ခု ဖေဖေပြောတတ်တာက ဖေဖေ့အဖိုး အကြောင်းဖြစ်သည်။ သူက တစ်ကယ်တော့ ရွာမှာ သြဇာရှိသူ။ သူဌေးတစ်ယောက်ဖြစ်သည်။ သူက ကွန်မြူနစ်တွေကို ထောက်ပံ့ရိက္ခာတွေ ပေးခဲ့သည်တဲ့။ သူတို့ ပုန်းအောင်းနေစဉ်တွင် သုံးရန် ပစ္စည်းပစ္စယတွေ ဝယ်ပေးခဲ့သည်တဲ့။ ဖေဖေပြောဖူးသော စကားများတွင်-
 ကွန်မြူနစ်တွေရဲ့ အသက်က မှန်ဘဲသမီး။ သူတို့ တစ်မိုးတွင်းလုံး ပုန်းနေပြီ ဆိုရင် အဖေ့အဖိုးက သူတို့ကို အဓိက ဝယ်ပေးခဲ့ရတာက မှန်တွေဘဲ။ သူတို့က မိုးတွင်းဆို ရခိုင်ရိုးမက သစ်ပင်တွေမှာ သစ်ပင်နှစ်ပင်ကြားမှာ ပုခက်ဆင်ပြီး ပုခက်ပေါ်မှာ မိုးကာအုပ်လို့ နေကြရတယ်။ ကျွတ်တွေကလည်း သစ်ပင်ပေါ်က တစ်ဖြုတ်ဖြုတ်ကျ နေသတဲ့။ သစ်ပင်တစ်ပင် တစ်ယောက်ဆိုတော့ ပျင်းတာပေါ့။ အောက်လည်း ဆင်းလို့ မရဘူး။ စကားပြောဖော်ကလည်း မရှိ။ အဲဒီတော့ သူတို့ ပုခက်ပေါ်မှာ မှန်တွေကြည့်ပြီး တရားဟောကျင့်ကြတယ်တဲ့။ တစ်မိုးတွင်းလုံးကို ငှက်ပျောဖက်တွေ ကို ရေအစား ဝါးကြရတယ်။ မိုးကုန်လို့ ရွာတွေပေါ်ကို လာပြီဆိုရင်တော့ သူတို့က အပြောအဟောကောင်း တဲ့ သူတို့တွေကို ရွာခံတွေက ချစ်ကြတယ်တဲ့။
ဒါကဖေဖေပြောပြဖြစ်တဲ့ အဖြစ်အပျက်တွေထဲက အချို့သာပါ။ အဲဒီတုန်းကတော့ ကျွန်မသူတို့ကို သနားခဲ့ဖူးသည်။ ဖေဖေကိုယ်တိုင်လည်း ကွန်မြူနစ်ဖြစ်ချင်ခဲ့တဲ့ အကြောင်း။ တောခိုဖို့ ကြိုးစားတဲ့ ဖေဖေ့ကို အဖေ့ရဲ့ အဖေက အတင်းကျောင်းထားခဲ့ရ။ ရန်ကုန်ကို ပို့ခဲ့ရတဲ့ အကြောင်းတွေက မကြာခဏ ကြားခဲ့ဖူးတယ်။ ဖေဖေနဲ့ အမြဲစကားပြောတဲ့ အခါ တိုင်းရေး ပြည်ရေးကို ဖေဖေက ပြောခဲ့ဖူးတဲ့အခါ သူပြောတဲ့ အယူအဆ တစ်ချို့ကို ကျွန်မလက်ခံသဘောကျခဲ့တာတွေ ရှိသည်။
ငွေအတွက် ဘယ်တော့မှ ဦးညွှတ်မပေးနဲ့ သမီး လောကမှာ ပြန်ဝယ်လို့ မရတဲ့ အရာတွေ အများကြီးရှိတယ်။ ဖေဖေပြောပြမယ် လောကမှာ လူသားဆန်ဖို့က အဓိက။ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ သမီး ပြောချင်တာကို ပြောလို့ ရတယ်။ ဒါပေမယ့် သမီး မျှမျှတတတော့ ပြောရမယ်။ မတရား မလုပ်နဲ့။ သမီး ပြောထားတဲ့ စကားကို တာဝန်ယူရမှာ သမီးကိုယ်တိုင်ဘဲ။
စတဲ့စတဲ့ စကားတွေကို နားရည်ဝ နေတဲ့ ကျွန်မကို သူငယ်ချင်းတွေ၊ ကျောင်းက ဆရာ ဆရာမတွေ က ကွန်မြူနစ်မ လို့ သမုတ်ခဲ့ ပြောဆို စောင့်ကြည့်ခဲ့ ဖူးတယ်။ အရွယ်ရောက်လာလို့ အိမ်ကနေ ထွက်လာပြီး တဲ့ အခါမှာ ဖေဖေ့ကို အခြား တစ်စိမ်း တစ်ယောက်ရဲ့ မြင်နဲ့ ပြန်ကြည့်တတ်လာတဲ့အခါ ဖေဖေ ပြောခဲ့တာတွေ အားလုံးကို ဖေဖေ မကျင့်သုံးခဲ့တဲ့ အကြောင်းက တစ်ရေးရေး ပေါ်လို့သာလာတယ်။ အဲဒီအခါမှာ ဖေဖေပြောခဲ့တဲ့ ကွန်မြူနစ်တွေ အကြောင်းကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်လာရတော့တယ်။ ဖေဖေ့ရဲ့ အဖိုးက ကွန်မြူနစ်တွေ သုံးဖို့ အသုံးအဆောင်တွေကို တော့ ဝယ်ပေးပြီး သူ့သားသမီး မြေးတွေကို တော့ ဘာကြောင့် တောခိုတဲ့ ကွန်မြူနစ် တစ်ယောက် မဖြစ်စေချင်ဘဲ ပညာတတ် တစ်ယောက် ဖြစ်စေချင်ခဲ့သလဲ။ အဲဒီ စကားပြောကောင်းတဲ့ သူတွေကို စကားပြောကောင်းအောင် ကျင့်ဖို့ ကြည့်မှန်တွေ ဝယ်ပေးပြီး ဝယ်ပေးတဲ့ သူကိုယ်တိုင်က သူတို့ ပြောခဲ့တဲ့ တရားတွေကို မယုံကြည်တဲ့အကြောင်းကို ဒီလူတွေ သိသွားကြသလား။ မသိခဲ့ကြဘူးလား။ ဘာကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီစံနစ်ကြီးစိုးတဲ့ နေရာအားလုံး လိုလိုမှာ အရင်းရှင်စံနစ်က နေရာဝင်ယူလာနိုင်ကြသလဲ။ ဖြစ်နိုင်တာကတော့ သူတို့ ပြောတာကို လူတွေက မယုံကြည်ဘဲ သူတို့ကို ပုံပြောကောင်းသူတွေလို့သာ သတ်မှတ်ထားလို့လား စတာတွေကို ကျွန်မတွေးဖြစ်ခဲ့တယ်။ သူတို့ က မရိုင်းစိုင်းဘူး ဆိုရင် ဘာကြောင့် သူတို့ လူတွေ အများကြီး သတ်ခဲ့တာလဲ။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ကျွန်မ လိုက်မမီခဲ့တဲ့ နားမလည်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးလေ။ ကျွန်မတို့ရဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ အဲဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တယ် ဆိုတာ ယုံတမ်းပုံပြင်မျှသာ ဖြစ်ခဲ့ပြီလေ။ ဘာစာအုပ်စာတမ်းမှ မီငြမ်းစရာ ဒီနေ့ အချိန်အခါမှာ ဘာလို့များ မကျန်ခဲ့ဘဲ ဗိုလ်အောင်ဒင် တစ်ယောက် တစ်ကယ် ရှိခဲ့တယ် ဆိုတာ ဖေဖေ့ထံမှသာ ကြားရဖူးတဲ့ ကျွန်မအတွက် တော့ ဟုတ်ရဲ့လားလို့တောင် စဉ်းစားဖို့ အချိန်မရှိတော့ တဲ့ မြန်နှုန်းမြင့် ခေတ်တစ်ခေတ်မှာ ရောက်နေတော့တဲ့အခါ ဖေဖေဟာ ပုံပြောကောင်းသူတွေထဲက တစ်ယောက်မျှသာ ဖြစ်ရတော့တယ်။  
 

No comments: