Wednesday, April 23, 2014

ခြေရာ

                       သူ့ကို သတိမရတော့ဘူးရယ်လို့ သေသေချာချာ ဆုံးဖြတ်ထားခဲ့ဖူးပါတယ်။ အခုမှတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ထင်ပါရဲ့။ ဒါပေမယ့် အကြောင်းတွေ တိုက်ဆိုင်တိုင်း သတိရပြီး မကြာခဏ ကိုယ့်ကိုယ်ကို သတိပေးရတဲ့အခါတွေလည်း ရှိရဲ့။ သူ့ကို မောင်ရေ လို့ စိတ်ထဲကသာ ခေါ်ဖူးပြီး အပြင်မှာ ရော တစ်ကိုယ်တည်းတောင် နှုတ်ကထွက်ဖို့ မရဲခဲ့တဲ့ကျွန်မ အဖြစ်က တစ်ဖက်သက်အချစ်လည်း မဟုတ်ခဲ့ပါဘဲ ကံကြမ္မာနဲ့ မာနကြောင့် ဆိုတာ သေချာပါရဲ့။ ဒါပေမယ့် ကျွန်မဘယ်တော့မှ နောင်တရမှာ မဟုတ်ခဲ့ပါ။ ကျွန်မဘာသာ အကောင်းဆုံး ဆုံးဖြတ်ခဲ့တယ်လို့လည်း ယုံကြည်ထားပါတယ်။ 
                        သူနဲ့ စတွေ့ခဲ့တဲ့နေ့က ကျွန်မဘဝမှာ မှတ်မှတ်ရရ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုနဲ့ နိမ့်ဆင်းသွားတဲ့ နေ့လည်းဖြစ်တယ်။ အဲဒီနေ့ မတိုင်ခင်ညကမှ ဖေဖေ အိမ်ပေါ်ကဆင်းသွားလို့ ငိုနေတဲ့ မျက်လုံး မို့အစ်အစ်တွေနဲ့ IETS စာမေးပွဲဖြေဖို့ လျှောက်လွှာသွားတင်တဲ့နေ့ပေါ့။ တိုကင်နံပါတ်က သူနဲ့ ကျွန်မက ရှေ့နောက်လည်း ဖြစ်နေပြီး အယူသည်းတဲ့ ကျွန်မက ရထားတဲ့ နံပါတ် (၂၂) ကို တစ်ယောက်ယောက် နဲ့ လဲချင်တော့ သူ့ကို အကူအညီတောင်းပြီး သူနဲ့ နံပါတ်ချင်းလဲလိုက်တယ်။ ဒါပေမယ့် အရာမထင်ခဲ့ပါဘူး။ ကျွန်မပါလာတဲ့ ပါတ်စပို့ပုံက ရောင်စုံကာလာနဲ့ မဟုတ်ဘဲ အဖြူ အမဲပုံ ဖြစ်နေတော့ သူက ကျွန်မကို အမြန်ရမယ့် ဓါတ်ပုံဆိုင်ကို လိုက်ပြရင်း ကျွန်မတို့ နှစ်ယောက်လုံး တိုကင်နံပါတ်အသစ် ပြန်ယူခဲ့ရတယ်။ အဲဒီနေ့က သူ့ကို မြင်မြင်ချင်း မချစ်ခဲ့ပေမယ့် သူ့ရဲ့ ရိုးသားတဲ့ မျက်လုံးတွေ၊ ကူညီစာနာတတ်မှုတွေကြောင့်လေးစားခဲ့ရတယ်။ သူ့ကို နောက်လည်း စာကြည့်တိုက်မှာ မကြာခဏတွေ့တာရယ်၊ ကျွန်မနဲ့ ကျူရှင်အတူတက်တဲ့ သူ့သူငယ်ချင်းကတစ်ဆင့် ခင်မင်သွားတာရယ် သူနဲ့ မကြာခဏ ဆုံမိတတ်ခဲ့တယ်။ သူနဲ့ ကျွန်မက ကျောင်းလည်း မတူပြန်ဘူး။ သူနဲ့ စသိခဲ့တဲ့အချိန်က ၂၀၀၂ ခုနှစ် မိုးရာသီမှာ။ မိုးတွေရွာတဲ့ နေ့တော်တော်များများမှာ ထီးမဆောင်းတတ်တဲ့ ကျွန်မကို သူလိုက်ပို့ခဲ့ဖူးတယ်။ မိန်းကလေးဖြစ်ပြီး ထီးမဆောင်းတဲ့ကျွန်မကို ထီးဆောင်ထားဖို့ မကြာခဏ ပြောပေမယ့် အခြားသူငယ်ချင်းတွေလို နစ်နစ်နာနာ မပြောတာကိုလည်း ကျွန်မ သတိထားမိနေခဲ့တာပါ။
                          ကျွန်မနိုင်ငံခြားမှာ ကျောင်းတက်ဖို့ လျှောက်သလို သူလည်းလျှောက်နေခဲ့တာမို့ ကျွန်မတို့ နှစ်ယောက် တိုင်ပင်တာ၊ ဖောင်ဖြည့်တာ၊ ထောက်ခံစာရဖို့ စုဆောင်းတာတွေ ကြောင့်လည်း သူနဲ့ ကျွန်မပိုမို ခင်မင်ရင်းနှီးလာစေခဲ့မယ်ထင်ပါတယ်။ ကျွန်မတို့ စကားပြောရင် ဖွဲ့နွဲ့ခဲ့တာတွေလည်း မရှိပေမယ့် သူကျွန်မကို ချစ်နေမယ်လို့လည်း မထင်ခဲ့ပေမယ့် သူကျွန်မရှေ့ကနေ မပြောမဆို နှုတ်မဆက်ဘဲ ရုတ်တရက်ပျောက်သွားတဲ့ အချိန်မှာ ကျွန်မသူ့ကို စောင့်နေခဲ့ပါတယ်။ ကျွန်မမိသားစုက ကျွန်မကို အခြားသူတစ်ယောက်နဲ့ သဘောမတူတဲ့ အချိန်မှာ ကျွန်မသေသေချာချာ ပြန်ဖြေနိုင်ခဲ့ပါတယ်။ "သမီးမှာစောင့်နေတဲ့ ချစ်သူရှိတယ်မေမေ။ သမီးဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး။ စိတ်မပူပါနဲ့" ဒီစကားတစ်ခွန်းကိုသာ ပြောနိုင်ခဲ့တဲ့ အချိန်မှာ သူဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ ဆိုတာ ကျွန်မမသိပါဘူး။ မဖြေနိုင်ခဲ့ဘူး။ သူကျွန်မကို ချစ်လား၊ မချစ်ဘူးလား ကျွန်မ မသိခဲ့ရတဲ့အချိန်မှာ ကျွန်မသေချာနေခဲ့တာ တစ်ခုရှိတယ်။ သူကျွန်မဆီကို တစ်နေ့ပြန်လာလိမ့်မယ်။ အဲဒါ မိန်းကလေး တစ်ယောက်ရဲ့ ရူးမိုက်တဲ့ အချစ်ဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။ သူထွက်သွားပြီး တစ်နှစ်အကြာမှာ ကျွန်မထက်ငယ်ပြီး အရမ်းဝမ်းနည်းတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အချစ်ကို ကျွန်မလက်ခံလိုက်ရတယ်။ ကျွန်မသူ့ကို မချစ်ပါဘူးလို့ ဘယ်လိုပြောပြော မိသားစုကရော ပါတ်ဝန်းကျင်ကပါ မယုံကြည်ကြဘူးလေ။ ကျွန်မပါတ်ဝန်းကျင်ကို ကြောက်ရွံ့မုန်းတီးမိတယ်။ ဒါပေမယ့် ဒါကကျွန်မ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အရာဘဲလေ။ ကျွန်မသတ္တိရှိရှိ ရင်ဆိုင်ရတာပေါ့။ ကျွန်မရဲ့ လွတ်လပ်စွာ သွားလာခွင့်နဲ့ လဲလှယ်လိုက်ရတဲ့ နှလုံးသားက ကျွန်မရဲ့ နှလုံးသား တစ်ခုတည်း မဟုတ်ဘဲ ကျွန်မစိတ်ထဲက မောင်လို့ မြတ်နိုးစွာခေါ်ခဲ့ဖူးတဲ့ သူ့နှလုံးသားပါ အဆစ်ပါတယ် ဆိုတာ နောက်တစ်နှစ်လောက် ကြာမှ ကျွန်မသိခဲ့ရတာပါ။
                       ကျွန်မရဲ့ အသက် (၂၃) နှစ်ပြည့်တဲ့ မွေးနေ့မှာ သူရောက်လာပါတယ်။ သူကျွန်မအိမ်ကို လာခေါ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ သူကျွန်မကို ပြောခဲ့တဲ့ ချစ်စကားကိုလည်း ကျွန်မ တစ်သက်မှာ တစ်ကြိမ်သာ ကြားခွင့်ရှိမယ်ဆိုတာ သိခဲ့ပါတယ်။ အရာအားလုံးကို ကျွန်မဆုံးရှုံးသွားပြီဆိုတာ သိလိုက်ရတယ်။ ရင်ထဲမှာ တစ်ဆစ်ဆစ်နာကျင်စွာ ငိုနေပေမယ့် အဲဒီအချိန်မှာ ဘာမှ မဖြစ်ခဲ့သလို၊ ဘယ်လိုမှ မခံစားရသလို ဟန်ဆောင်နိုင်စွမ်းကျွန်မ မှာ ရှိနေခဲ့တာ ကျွန်မ မချစ်တဲ့သူတစ်ယောက်ကို ချစ်သူတော်ထားပြီး နေ့တိုင်းနာကျင်နေရာက ထုံသွားလို့ထင်ပါရဲ့။ ဒါပေမယ့် သူမသိအောင် ကျွန်မငိုခဲ့ပါတယ်။ အဲဒီနေ့ကစပြီး သတိရတိုင်း၊ မိုးသည်းသည်းရွာတိုင်း ရင်ထဲမှာ နာနေပါတယ်။ 
                        ကျွန်မ သူ့ကို ပြန်ဖြေခဲ့တဲ့စကားကတော့ "ငါ့မှာ အခု ချစ်သူရှိနေတာ တစ်နှစ်နဲ့ တစ်လရှိပြီ သူငယ်ချင်းရေ။ ငါတို့ သူငယ်ချင်းလိုဘဲ ဆက်ပြီးခင်ခင်မင်မင် နေကြရအောင်ပါ။" သူ့ကို ကျွန်မချစ်ခဲ့တာ စောင့်နေခဲ့တာကို အဲဒီနေ့က မပြောခဲ့ပါဘူး။ ဘယ်တော့မှလဲ ပြန်ပြောဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ သူ့ကို မနာကျင်စေချင်လို့ပါ။ ကျွန်မကို မယုံကြည်ကြတဲ့ ပါတ်ဝန်းကျင်မှာ ရွေးချယ်စရာကလည်း နည်းပါးလှပါတယ်။ ကျွန်မချစ်ပါတယ်လို့ နှုတ်ကအဖြေပေးထားတဲ့ ချစ်သူအပေါ် စောင့်ထိန်းမှုနဲ့ သစ္စာတရားတော့ အနည်းဆုံးပေးရမယ်လို့ ကျွန်မယုံကြည်ခဲ့တာပါ။ ကျွန်မကြောင့် ကျွန်မချစ်သူကို ဝမ်းနည်းနာကျင်မှုမှ ကင်းဝေးပါစေ လို့သာ ဘုရားမှာ ဆုတောင်းရင်း သူပြောပြတာတွေ နားထောင်နေခဲ့ပါတယ်။ သူကျွန်မကို ချစ်ခဲ့တာကို သိရတဲ့အတွက် ကျွန်မအတွက် အင်အားဖြစ်စေခဲ့တာ ကြောင့် သူ့ကို အမြဲကျေးဇူးတင်ပါတယ်။ သူက အမေစကားကို အရမ်းနားထောင်တဲ့ သားဖြစ်တဲ့အတွက် ကျွန်မကို ချစ်ကြောင်းဖွင့်ဟဖို့ကို အချိန်နောက်ကျသွားခဲ့တဲ့ အကြောင်းပြောပါတယ်။ ကျွန်မပြောခဲ့တဲ့ အသက် (၂၄) မှ ရည်းစားထားမယ် ဆိုတဲ့စကားကြောင့် ကျွန်မစဉ်းစားဖို့ အချိန် (၁) နှစ်တိတိပေးတဲ့ အနေနဲ့ အသက် (၂၃) နှစ်ပြည့်တဲ့ နေ့မှာ လာပြောပြတဲ့ အကြောင်းကို ပြောပြတဲ့ အခါ သူ့ကို ကျွန်မ မလေးစားဘဲ မနေနိုင်ပါဘူး။ ကျွန်မအတွက် စဉ်းစားပေးတဲ့သူ့ကို ချစ်ခဲ့ပါတယ်လို့ ပိုတောင်မှ မပြောရက်ပါဘူး။ ကျွန်မပြောလိုက်ရင် သူပိုနာကျင်သွားတော့မှာ။ ကျွန်မကလည်း အကြောင်းတစ်စုံ တစ်ရာမရှိဘဲ အပြစ်မဲ့တဲ့ ကျွန်မရဲ့ လက်ရှိချစ်သူကို စိတ်ဆင်းရဲစေပြီးမှ ရယူမယ့် ကျွန်မတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို မယုံကြည်ပါဘူး။ သူနောက်ဆုံးပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ ကျွန်မ မေ့နိုင်မှာ မဟုတ်ပါဘူး။ "နင့်ကို ချစ်တယ်လို့ ငါတစ်သက်မှာ တစ်ခါဘဲ ပြောမယ် နောင်လည်း ထပ်ပြောမှာ မဟုတ်လို့ တကယ်လို့ နင် အခု လက်ရှိတွဲနေတဲ့ ရည်းစားနဲ့ ပြတ်တဲ့ အခါငါ့ဆီ ပြန်လာခဲ့ပါ။ ငါနင့်ကို ချစ်ပါတယ်လို့ နှစ်ခါ မပြောဘူး။" ကျွန်မအဲဒီစကားကို ကြားရတဲ့ အချိန်ကတည်းက သိခဲ့ပါတယ် သူနဲ့ ကျွန်မဘယ်တော့မှ ဆုံဆည်းတော့မှာ မဟုတ်တဲ့အကြောင်းပါ။ ကျွန်မရဲ့ မာနက အဲဒီ နှစ်ခါစကားမပြောမယ့် သူ့ကို ကျွန်မအခြားတစ်ယောက်နဲ့ ပြတ်ပြီး သူ့ရင်ခွင်ကို ပြန်ဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ခဲ့လို့ပါ။ အဲဒီကတည်းက ကျွန်မမွေးနေ့တွေမှာ ကျိန်စာသင့်သွားခဲ့ပြီလို့ သိလိုက်ပါတယ်။
                          နောက်ပိုင်းမှာလည်း ကျွန်မနိုင်ငံခြားမှာ ရှိနေတဲ့အချိန်တွေမှာ သူ့ဆီက သူငယ်ချင်း မေတ္တာသန့်သန့်လေးနဲ့ ပို့ပေးတဲ့ အားပေးတဲ့ စကားတွေ၊ ဖုန်းမက်ဆေ့ဂ်ျတွေကို ကျွန်မ မြတ်မြတ်နိုးနိုး လက်ခံရရှိခဲ့ပါတယ်။ သူနဲ့ ပါတ်သက်တာအားလုံးကို ကျွန်မ မြတ်နိုးစွာ သိမ်းဆည်းထားခဲ့ပေမယ့် သူ့ထံကို ဘာမတ်ဆေ့ဂ်ျမှ တုန့်ပြန်ပို့ပေးခဲ့ခြင်း မရှိတာ ကျွန်မဘက်က ချစ်ခြင်းတွေကို သူသတိထားမိသွားမှာ၊ သူသွားမယ့်လမ်းမှာ နောက်ဆံငင်မှာကို ကျွန်မအလွန် စိုးရိမ်ကြောင့်ကြခဲ့တာမို့ပါ။ ကျွန်မဘယ်တော့မှ သူ့ကို ချစ်ပါတယ်လို့ ပြောမှာ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်တိုင်း သူ့ကို သတိရယုံသာ။ သူပြောခဲ့သလို ကျွန်မချစ်သူနဲ့ ပြတ်စဲခဲ့တဲ့ အချိန်မှာလည်း ကျွန်မသူ့ကို ပြောပြဖို့ ကျွန်မရဲ့ မာနက ခွင့်မပြုခဲ့ပါဘူး။ 
                          အရာရာဟာ ဘဝမှာ သူ့အချိန်နဲ့ သူဆက်လက်သွားနေပါတယ်။ ဖေဖေ ကျွန်မကို တစ်ချိန်က သင်ပေးခဲ့သလို သူ့ကို ပြောပြခဲ့ချင်ပါတယ်။ 
"အချစ်မှာ မျက်စေ့ မရှိပါ။ အချစ်ဆိုတာ ခံစားချက်တစ်ခုမျှသာ ဖြစ်ပါတယ်။ အချစ်တွေ ကုန်ဆုံးသွားတဲ့အခါ ဘဝ ကို ဘဝ အတိုင်း ဆက်လျှောက်ရတာပါ။"
                          ကျွန်မကတော့ သူ့ကို ချစ်ခဲ့တဲ့ အတွက် နောင်တလည်း မရှိပါဘူး။ သူ့ချစ်သူဖြစ်ခွင့် မရှိတဲ့အတွက်လည်း နောင်တမရပါဘူး။ တစ်ချိန်မှာ သူ့ကို အရမ်းချစ်တဲ့ ချစ်သူတစ်ယောက်ကို သူပိုင်ဆိုင်ရပြီး သူလိုချင်သလို သာယာတဲ့ မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ရပါစေ လို့ ဆုတောင်းပေးရင်း သတိရရင် သူရော အဒေါ်တစ်ယောက်လို ခင်မင်ခဲ့တဲ့ သူ့မေမေကိုရော မေတ္တာပို့ပေးခဲ့ရုံသာ ကျွန်မရဲ့ ချစ်ခြင်းတွေကို ဖေါ်ပြခဲ့ပါတယ်။ ကျွန်မစောင့်စည်းခဲ့တဲ့ ကျွန်မရဲ့ သစ္စာတရားနဲ့ သူ့ကို ချစ်တဲ့ အချစ်တွေ တကယ်မှန်ကန်ခဲ့ရင်တော့ အခုအချိန်မှာ သူဟာ တောင့်တကင်းစွာ၊ ပျော်ရွှင်စွာနဲ့ သူ့ဘဝကို ကျေနပ်ရောင့်ရဲစွာ ဖြတ်သန်းနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
                          ချစ်သူက နှလုံးသားထဲမှာ ဖြတ်သွားတဲ့အခါ ဒဏ်ရာတွေ မချန်ခဲ့ဘဲ ခြေရာတွေသာ ချန်ခဲ့ပါတယ်။ အဲဒီခြေရာတွေကလည်း ပန်းပွင့်ခြေရာတွေသာ ဖြစ်နေတာမို့ ကျွန်မအရမ်းကံကောင်းခဲ့ပါတယ်။
                                                                                                အပြုံးပန်းတွေ ပွင့်စေချင်တဲ့
                                                                                                           ပန်းပုံပြင်



No comments: